ဆီးအိမ်ကင်ဆာ သတိပြုစရာ
ဆီးအိမ်ကင်ဆာဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမိုအဖြစ်များလေ့ရှိပြီး ဖြစ်နိုင်ခြေ ၄ ဆခန့် ပိုမိုများပြားပါတယ်။ အမျိုးသားတွေ ဖြစ်တဲ့ကင်ဆာရောဂါတွေထဲမှာ ၆ ခုမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါလည်း ဖြစ်ပါတယ်။
ဆီးအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အောက်ဘက်ပိုင်းမှာ တည်ရှိတဲ့ ကြွက်သားတွေနဲ့ တည်ဆောက်ထားတဲ့ အင်္ဂါတစ်ခုဖြစ်ပြီး ဆီးတွေကို သိုလှောင်ပေးထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကင်ဆာရောဂါတွေရဲ့ ထုံးစံအတိုင်း ဆီးအိမ်က ဆဲလ်တွေရဲ့ DNA တွေက ပြောင်းလဲမှု ဖြစ်တဲ့အခါ ဆီးအိမ်ကင်ဆာ ဖြစ်လာပါတယ်။
ဆီးအိမ်ကင်ဆာ အမျိုးအစားများ…
Urothelial carcinoma - ဆီးအိမ်ရဲ့ အတွင်းနံရံက Urothelial ဆဲလ်တွေမှာ ဖြစ်တဲ့ကင်ဆာ ဖြစ်ပြီး အဖြစ်အများဆုံး အမျိုးအစားပါ။ Urothelial ဆဲလ်တွေဟာ ဆီးအိမ်ပြည့်လာတဲ့အခါ ဆန့်ထုတ်ပေးပြီး ဆီးသွားပြီးတဲ့အခါ ပြန်ကျုံ့ပေးတဲ့ ဆဲလ်တွေ ဖြစ်ပါတယ်။
Squamous cell carcinoma - ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်ခြင်း သို့မဟုတ် ဆီးပိုက်ကြာရှည်စွာ တပ်ထားခြင်း စတဲ့ ဆီးအိမ်ကို လှုံ့ဆော်နှိုးဆွတာတွေကြောင့် ဖြစ်တတ်တဲ့ ကင်ဆာအမျိုးအစား ဖြစ်ပါတယ်။
Adenocarcinoma - ဆီးအိမ်မှာရှိတဲ့ Mucus-secreting Glands တွေမှာ ဖြစ်တတ်တဲ့ ကင်ဆာအမျိုးအစား ဖြစ်ပြီး အဖြစ်နည်းပါတယ်။
ဆီးအိမ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေ…
- ဆီးထဲမှာ သွေးပါခြင်း
- မကြာခဏ ဆီးသွားချင်ခြင်း
- ဆီးသွားချိန် နာကျင်ခြင်း
- ခါးကိုက်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
ဆီးအိမ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မားတဲ့လူတွေကတော့
- ဆေးလိပ်သောက်တဲ့သူတွေ
- အသက်ကြီးတဲ့သူတွေ
- အမျိုးသားတွေ
- အာဆင်းနစ်နဲ့ ဆိုးဆေး၊ ရာဘာ၊ သားရေ၊ အဝတ်အထည်၊ သုတ်ဆေး စတဲ့အရာတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေနဲ့ အမြဲထိတွေ့ နေရသူတွေ
- ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်ဖူးပြီး ဆီးအိမ်ရောင်ဖူးသူတွေ
- မိသားစုထဲမှာ ဆီးအိမ်ကင်ဆာရာဇဝင် ရှိသူတွေ
- ကင်ဆာရောဂါတစ်ခုခု ဖြစ်ဖူးပြီး Cyclophosphamide ကင်ဆာဆေးနဲ့ ကုသမှု ခံယူဖူးသူတွေဟာ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဆီးအိမ်ကင်ဆာရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်ကုသခြင်းပဲ ဖြစ်ပါတယ်။ ခွဲစိတ်တာအပြင် ပူးတွဲကုသမှုတွေ အဖြစ်…
- Radiotherapy (ဓာတ်ရောင်ခြည်ပေးခြင်း)
- Chemotherapy (ကင်ဆာဆေးသွင်းခြင်း)
- Immunotherapy (ကိုယ်ခံအားကောင်းအောင် လုပ်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ထုတ်စေခြင်း)
- Targeted therapy (ကင်ဆာဆဲလ်တွေ ကြီးထွားရာမှာ ပါဝင်တဲ့ အင်ဇိုင်း၊ ပရိုတင်းနဲ့ မော်လီကျူးတွေကို ပိတ်ပင်ခြင်း) တွေကို အလျင်းသင့်သလို လုပ်ဆောင်ပါတယ်။
ဆီးအိမ်ကင်ဆာဟာ စောစီးစွာ သိရှိနိုင်ရင် ကုသပျောက်ကင်းနိုင်ခြေ များပါတယ်။ ဆီးအိမ်ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့အတွက် ဆိုရင်တော့ ဆေးလိပ်ဖြတ်တာ၊ ဓာတုပစ္စည်းတွေနဲ့ မထိတွေ့မိအောင် ရှောင်တာ၊ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ antioxidants တွေပါတဲ့ အသီးအရွက်တွေ များများစားတာတွေ လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်